Sunday, June 24, 2012

“တရား၏ ဂုဏ်အင်္ဂါ ၂-ရပ်”


တရားကိုစပြီး ကျင့်သုံးပွားများလာပြီဆိုရင် တရားရဲ့ဂုဏ်ဖြင့် ယောဂီတစ်ဦးဟာ ဓမ္မလမ်းစဉ်မှာ ဘယ်လောက် ခရီးရောက်နေပြီလဲဆိုတာကို သိနိုင်ပါတယ်။

ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်
ပထမအင်္ဂါရပ်ကတော့ ကိုယ်ကျိုးကို မမျှော်မှန်းဘဲ သူများအကျိုးအတွက်ကို ဆောင်ရွက်မူ၊ ထမ်းဆောင်မူ ဖြစ်ပါတယ်။ တရားမှာ ရင့်ကျက်လာပြီဆိုရင် ငါဆိုတဲ့ အစွဲဟာ နည်းနည်းလာပြီး တစ်ကိုယ်ကောင်းကြံချင်တဲ့စိတ်တွေ ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရာမှာ ကိုယ့်အကျိုးကို မျှော်ကိုးချက်တွေ မပါတော့ပါဘူး။

ကိုယ်ကျိုးကိုမျှော်ကိုးတဲ့ လူကတော့ အလားအလာတစ်ခုကို ရလို့ရငြား လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဘုရားရှိခိုးတာတောင်မှ တစ်ခုခုကိုလိုချင်လို့၊ တောင့်တလို့လဲ ဖြစ်တတ်ပါသေးတယ်။ လှူတယ်တန်းတယ်ဆိုရင် အနည်းဆုံး နာမည်လိုချင်လို့ ကျော်ကြားချင်လို့လဲ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ လူတစ်ဦး တစ်ယောက်ကို၊ ဒါမှမဟုတ်ရင်လဲ အသင်းအဖွဲ့တစ်ခုကို စေတနာ့ဝန်ထမ်းအလုပ် ဆောင်ရွက်ပေးတာတွေဟာလဲ ကိုယ်ကျိုးအတွက် အလားအလာကို မျှော်ကိုးလို့လဲ ဖြစ်တတ်ပါတယ်။

`ငါ´ အစွဲက ပျောက်ကွယ်လာပြီိဆိုရင်တော့ ယောဂီဟာ တရားမှာ တည်မြဲလာပါတယ်။ တရားတည်မြဲလာတယ်ဆိုရင် ငါအစွဲက ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူများတွေအတွက် ဆောင်ရွက်ပေးတာတွေက ကူညီမစဖို့ရာ သက်သက်ပဲ ဖြစ်ပါတယ်။ ပိုပိုပြီး လူတွေများများဟာလည်း အများဆုံး အကျိုးခံစားနိုင်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ မေတ္တာ ကရုဏာ စေတနာတွေနဲ့ ဆောင်ရွက်ပေးလာပါတယ်။

ဒါဟာ ဒီပုဂ္ဂိုလ်ဟာ တရားမှာ တိုးတက်နေပြီဆိုတာကို ပြတာပါပဲ။ တရားအလုပ် လုပ်တာတောင်မှ `ငါ့အတွက် ဘာအကျိုးရှိမှာလဲ၊ ဘယ်သူတွေ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ပါဘူး။ ငါလွတ်မြောက်ရင်ပြီးတာပဲ´လို့ စိတ်ထားတွေရှိနေရင်တော့ ဒီပုဂ္ဂိုလ်ဟာ မလွတ်မြောက်နိုင်သေးပါဘူး။ ဒီလိုစိတ်ထားမျိုးနဲ့ ငါအစွဲကို ပိုပြီးပွားများစေပါတယ်။

ကိုယ့်အကျိုးကို၊ အလားအလာကို လုံးဝမမျှော်ကိုးဘဲ သူများတွေရဲ့ ကောင်းကျိုးကို ဘယ်လိုလုပ်ဆောင်ရပါ့မလဲလို့ စင်ကြယ်တဲ့ မေတ္တာ ကရုဏာ စေတနာနဲ့ ဆောင်ရွက်ခြင်းဟာ တရားရဲ့ တိုးတက်မူ ရှိမရှိ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။

(ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။)

No comments:

Post a Comment