Monday, June 25, 2012



''အလုံးစုံသော အရပ်မျက်နှာတို့ကို စိတ်ဖြင့် အစဉ် လှည့်လည် ရှာဖွေ (သွားလာ) သော်လည်း တစ်စုံတစ်ခုသော အရပ်၌ မိမိထက် ပို၍ ချစ်အပ်သော သူကို မရနိုင်၊ ဤအတူပင် များစွာကုန်သော အခြားသူတို့သည်လည်း မိမိကိုယ်ကိုသာ ချစ်အပ်၏၊
ထို့ကြောင့် အကျိုးစီးပွားကို အလိုရှိသောသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ''

(၈ - မလ္လိကာသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။)

Sunday, June 24, 2012

သြကာသ၏ အနက် အဓိပ္ပါယ်



သြကာသ သြကာသ သြကာသ [ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား,
ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။


သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည်။

ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။

တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။

သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။

အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။

ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ,
လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို
ခေါ်ပါသည်။

စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။

ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။

မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို
မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို
နိဝါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။

(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့, ယူခြင်းကို ဆိုလိုသည်)

အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)

အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ -

(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။

- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)

ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။


- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း
ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်,
ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
[ အပြစ် ]ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို
မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ
များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား (ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)

(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။

(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။

(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။

ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး

မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး
သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို
ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)


- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့
အမှန်တဲ့။

ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍ [ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို [ဥပဓိဝိပတ္တိ]ဟု
ဆိုသည်။
(၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ ၀ီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို
[ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။


- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ, ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။

ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။

ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။

ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ
သရုပ်ပြ။

အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ... "သံသရာ၌ ကြာရှည်
မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်။


''မသာယာအပ်သော သဘောတရားသည် သာယာဖွယ်အသွင် သဘောဖြင့် လည်းကောင်း၊ မချစ်ခင်အပ်သော သဘောတရားသည် ချစ်ခင်ဖွယ် အသွင် သဘောဖြင့် လည်းကောင်း ဆင်းရဲသော သဘောတရားသည် ချမ်းသာဖွယ် အသွင် သဘောဖြင့် လည်းကောင်း မေ့လျော့နေသူကို လွှမ်းမိုးဖိစီး၏''

(၈ - သုပ္ပဝါသာသုတ်၊ မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်။)

“နင်သေချင်သေးလို့လား”



ရခဲလှတဲ့ ဒုလ္လဘတရား ငါးပါးမှာ ဘ၀တိုင်း ဘ၀တိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် ယခု သဒ္ဓါတရားနဲ့ ပြည့်စုံနေတုန်း မဂ်ဥာဏ် မြန်မြန်ရအောင် လုပ်ပါ။ သေမှာကို ကြောက်ရင် မဂ်ဥာဏ်ကိုရအောင်ယူ၊ မဂ်ဥာဏ်ကို ရပြီဆိုရင် သေမင်းကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် ၀ိပဿနာအလုပ်ကို မလုပ်ဘဲနေရင် “နင်သေချင်သေးလို့လား” လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ မသေချင်ရင်တော့ ခန္ဓာငါးပါးအပေါ်မှာ ပေါ်တိုင်း၊ ပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုကြပေတော့။

(မိုးကုတ်ဆရာတော်)


“မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။”


“လိုချင်မှု 'ဆန္ဒ' သည် ဆင်းရဲ၏ အရင်းခံပေတည်း...”


နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။
ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။

(လယ်တီဆရာတော်ဘုရားကြီး)


နောင်တချိန်တွင် စကြဝဠာတခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ပေးနိုင်မည့် ဘာသာတရားတခုသာ ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။
 

(ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး - ဒေါက်တာ အဲလ်ဘတ်စ်အိုင်းစတိုင်း)


"စိတ်တစ်ခုထိန်း အားလုံးငြိမ်း"

"Control your mind (Mind the mind)"

控 制 你 的 心

ဒုန္နိဂ္ဂဟဿ လဟုနော ၊ ယတ္ထကာမ နိပါတိနော။
စိတ္တဿ ဒမထော သာဓု ၊ စိတ္တံ ဒန္တံ သုခါဝဟံ။
ဓမ္မပဒ(ဂါထာ.၃၅)


“နေရတဲ့ရက်တွေများနေလို့ 
သေရမယ့်တစ်ရက်ကို
မေ့နေကြတယ်….”


သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင်
ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။

(ဆရာတော် ဦးဇောတိက)


မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...


“သင်ရလာတဲ့ ဘ၀သည် ဆိုင်ရုံသာဆိုင်ပါတယ်၊ သင် လုံးဝ မပိုင်ပါ။”

(ယောဆရာတော်)

မသိခြင်းများ



ဘယ်အရွယ်မှာ သေမယ် ဆိုတာလဲ မသိနိုင်...

ဘယ်ရောဂါနဲ့ သေမယ် ဆိုတာလဲ မသိနိုင်...

ဘယ်အချိန်ခါ သေမယ် ဆိုတာလဲ မသိနိုင်...

ဘယ်သင်္ချိုင်းမှာ မြှုပ်နှံမယ် ဆိုတာလဲ မသိနိုင်...

ဘယ်ဘဝကို ရောက်မယ် ဆိုတာလဲ မသိနိုင်...

မေတ္တာပို့



“အလုံးစုံသော သတ္တ၀ါတွေ
ဘေးရန် ကင်းကြပါစေ၊
စိတ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
မိမိတို့ခန္ဓာဝန်ကို
ချမ်းသာစွာနဲ့ ရွက်ဆောင်နိုင်ကြပါစေ ...”

အရှင် နန္ဒမာလာဘိဝံသ အဆုံးအမ


အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂါတ်မှန်းဆ မလွမ်းတနဲ့
အနာဂါတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

“တရား၏ ဂုဏ်အင်္ဂါ ၂-ရပ်”


တရားကိုစပြီး ကျင့်သုံးပွားများလာပြီဆိုရင် တရားရဲ့ဂုဏ်ဖြင့် ယောဂီတစ်ဦးဟာ ဓမ္မလမ်းစဉ်မှာ ဘယ်လောက် ခရီးရောက်နေပြီလဲဆိုတာကို သိနိုင်ပါတယ်။

ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်
ပထမအင်္ဂါရပ်ကတော့ ကိုယ်ကျိုးကို မမျှော်မှန်းဘဲ သူများအကျိုးအတွက်ကို ဆောင်ရွက်မူ၊ ထမ်းဆောင်မူ ဖြစ်ပါတယ်။ တရားမှာ ရင့်ကျက်လာပြီဆိုရင် ငါဆိုတဲ့ အစွဲဟာ နည်းနည်းလာပြီး တစ်ကိုယ်ကောင်းကြံချင်တဲ့စိတ်တွေ ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရာမှာ ကိုယ့်အကျိုးကို မျှော်ကိုးချက်တွေ မပါတော့ပါဘူး။

ကိုယ်ကျိုးကိုမျှော်ကိုးတဲ့ လူကတော့ အလားအလာတစ်ခုကို ရလို့ရငြား လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဘုရားရှိခိုးတာတောင်မှ တစ်ခုခုကိုလိုချင်လို့၊ တောင့်တလို့လဲ ဖြစ်တတ်ပါသေးတယ်။ လှူတယ်တန်းတယ်ဆိုရင် အနည်းဆုံး နာမည်လိုချင်လို့ ကျော်ကြားချင်လို့လဲ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ လူတစ်ဦး တစ်ယောက်ကို၊ ဒါမှမဟုတ်ရင်လဲ အသင်းအဖွဲ့တစ်ခုကို စေတနာ့ဝန်ထမ်းအလုပ် ဆောင်ရွက်ပေးတာတွေဟာလဲ ကိုယ်ကျိုးအတွက် အလားအလာကို မျှော်ကိုးလို့လဲ ဖြစ်တတ်ပါတယ်။

`ငါ´ အစွဲက ပျောက်ကွယ်လာပြီိဆိုရင်တော့ ယောဂီဟာ တရားမှာ တည်မြဲလာပါတယ်။ တရားတည်မြဲလာတယ်ဆိုရင် ငါအစွဲက ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူများတွေအတွက် ဆောင်ရွက်ပေးတာတွေက ကူညီမစဖို့ရာ သက်သက်ပဲ ဖြစ်ပါတယ်။ ပိုပိုပြီး လူတွေများများဟာလည်း အများဆုံး အကျိုးခံစားနိုင်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ မေတ္တာ ကရုဏာ စေတနာတွေနဲ့ ဆောင်ရွက်ပေးလာပါတယ်။

ဒါဟာ ဒီပုဂ္ဂိုလ်ဟာ တရားမှာ တိုးတက်နေပြီဆိုတာကို ပြတာပါပဲ။ တရားအလုပ် လုပ်တာတောင်မှ `ငါ့အတွက် ဘာအကျိုးရှိမှာလဲ၊ ဘယ်သူတွေ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ပါဘူး။ ငါလွတ်မြောက်ရင်ပြီးတာပဲ´လို့ စိတ်ထားတွေရှိနေရင်တော့ ဒီပုဂ္ဂိုလ်ဟာ မလွတ်မြောက်နိုင်သေးပါဘူး။ ဒီလိုစိတ်ထားမျိုးနဲ့ ငါအစွဲကို ပိုပြီးပွားများစေပါတယ်။

ကိုယ့်အကျိုးကို၊ အလားအလာကို လုံးဝမမျှော်ကိုးဘဲ သူများတွေရဲ့ ကောင်းကျိုးကို ဘယ်လိုလုပ်ဆောင်ရပါ့မလဲလို့ စင်ကြယ်တဲ့ မေတ္တာ ကရုဏာ စေတနာနဲ့ ဆောင်ရွက်ခြင်းဟာ တရားရဲ့ တိုးတက်မူ ရှိမရှိ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။

(ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။)

Thursday, June 14, 2012

“မေတ္တာဘာဝနာ”

“မေတ္တာဘာဝနာ”

ဒီကနေ့ အချိန်အနည်းငယ်အတွင်းမှာ ဘာဝနာအကျင့်တစ်မျိုးကို ကျင့်ကြရပါလိမ့်မယ်။ အခုကျင့်မယ့် ဘာဝနာက ၀ိပဿနာ ကမ္မဋ္ဌာန်တရားရဲ့ အဆုံးသတ်အပိုင်းပါပဲ။ အခုပြုရမယ့် ဘာဝနာက မိမိတို့ပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေကို သတ္တ၀ါအပေါင်းတို့အား အမျှအတမ်းဝေဖို့ ဖြစ်ပါတယ်။ မိမိ၏ စိတ်ချမ်းသာမူ၊ စိတ်မျှတမူတို့ကို အများနဲ့ဝေငှဖို့ ဖြစ်ပါတယ်။

ဒီလိုသူများနဲ့ ငြိမ်းချမ်းသာယာမူ၊ မျှတမူ၊ စိတ်ချမ်းသာမူတွေကို ဝေငှနိုင်တယ်ဆိုတာဟာ မိမိကိုယ်တိုင်ကလဲ မိမိစိတ်ထဲမှာ သူများတွေကို ကရုဏာဝင်ဖို့ ကြင်နာထောက်ထား မေတ္တာပွားတတ်ဖို့ ဖြစ်ပါတယ်။

ယောဂီတို့ဟာ ၀ိပဿနာတရားကျင့်စဉ်မှာ အဆင့်မြင့်လာတဲ့အခါ ဘာကို သိလာသလဲဆိုရင်၊ မိမိကိုယ်ထဲမှာ အညစ်အကြေးတွေရှိနေရင် ဒီကျင့်စဉ်မှာ တရားမတက်နိုင်ဘူးဆိုတဲ့အသိ ဖြစ်လာပါတယ်။ အမှန်တရားတစ်ခုက ယောဂီတို့ဟာ မိမိတို့စိတ်ထဲမှာ အညစ်အကြေးတစ်ခု ပွားလာတယ်ဆိုရင်၊ ဥပမာ ဒေါသ အမျက်ထွက်တာ၊ မုန်းတီးတာ၊ သဘောဆိုးထားတာ၊ ရန်ညှိုးဖွဲ့တာအစရှိတဲ့ အကုသိုလ်စေတသိတ်တွေ ဖိစီးနှိပ်စက်တဲ့အခါ ယောဂီဟာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒီဟာကတော့ ဒီအတိုင်းပါပဲ။ ဘယ်တော့မဆို ကိုယ့်စိတ်ထဲမှာ အကုသိုလ်စိတ် ပွားလိုက်တယ်ဆိုရင် ကိုယ်ဟာ စိတ်မချမ်းမသာဖြစ်ရတာပါပဲ။

အရင်တုန်းက ယောဂီတို့ဟာ မိမိကိုယ်တွင်းမှာ တကယ်ဖြစ်ပျက်နေတာတွေကို မစူးစမ်းမဆင်ခြင်ခဲ့လို့ တကယ်ဖြစ်ပျက်နေတာတွေကို မသိရှိမခံစားခဲ့ပါဘူး။ ဒါကြောင့်မို့ တကယ့်ကိုယ်ထဲ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို အသိဉာဏ်လဲ မရှိခဲ့ပါဘူး။ သိလဲ မသိခဲ့ပါဘူး။ အခုတော့ ယောဂီတွေဟာ မိမိရဲ့စိတ်ကို ရူတတ်တဲ့အကျင့်ဖြစ်လာပြီမို့ မိမိစိတ်ထဲမှာ အကုသိုလ်စိတ်ဝင်လာရင် သြော်ကြည့်စမ်း ငါ့စိတ်ထဲမှာ အကုသိုလ်စိတ်ဖြစ်တဲ့အခါ ငါစိတ်မချမ်းသာဖြစ်ရပါလားဆိုတဲ့ အသိဉာဏ် ၀င်လာပါတယ်။ တစ်နေ့ပြီးတစ်နေ့ ယောဂီတို့ ဆက်ကျင့်သွားမယ်ဆိုရင် ဒီအသိတရားဟာ ပိုပိုပြီး ထင်ရှားထင်ရှား လာပါလိမ့်မယ်။

နောက်ထပ်ထင်ရှားလာတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ ဒီအညစ်အကြေးတွေ အကုသိုလ်တွေကို ငါပွားတဲ့အခါမှာ အကုသိုလ်စိတ်တွေကြောင့် ငါသာ စိတ်ဆင်းရဲ ဖြစ်ရတာ မဟုတ်ပါဘူး ငါနဲ့ပတ်သက်တဲ့ တခြားသူတွေကိုလဲ ငါ့ရဲ့အကုသိုလ်စိတ်တွေကြောင့် သူတို့လဲ စိတ်မချမ်းမသာ ဖြစ်ရပါလားဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။

ငါဟာ ငါ့စိတ်ထဲမှာ အကုသိုလ်တွေပွားတဲ့အခါမှာ ငါ့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးလဲ ဒီအကုသိုလ်စိတ်တွေနဲ့ လွှမ်းမိုးသွားပြီး ပတ်ဝန်းကျင်မှာ လာရောက်ထိတွေ့တဲ့လူတွေ အကုန်လုံးဟာလဲ အကုသိုလ်မကောင်းကျိုးတွေ သူတို့ပါ ခံစားရတယ်ဆိုတာ ယောဂီသိရှိလာပါလိမ့်မယ်။ ဒီတော့ ယောဂီတို့က နောက်တစ်ခါ ဘယ်လိုအသိတစ်ခု ၀င်လာပြီလဲဆိုရင် ငါဟာတစ်သက်လုံး ငါ့ကိုယ်ငါလဲ စိတ်ဆင်းရဲအောင်လုပ်လို့ ငါ့အကုသိုလ်အကျိုး ငါပြန်ခံစားနေရတယ်။ ငါသာမက သူများတွေလဲ ငါ့ကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေပါလားဆိုတဲ့ အသိဝင်လာပါတယ်။ နောက်ဘယ်လို သိလာသလဲဆိုတော့ ငါ့ဘ၀ကို ငါဘယ်လို အကောင်းဆုံြးုပုပြင်ရမယ် ဘယ်လိုအကောင်းဆုံးနေထိုင်ရမယ်ဆိုတာကို ငါမသိခဲ့ပါလားလို့ ယောဂီတို့ မြင်တွေ့လာပါလိမ့်မယ်။

အဲဒီလို အသိဉာဏ်ဝင်ပြီဆိုရင် ယောဂီတို့မှာ အကုသိုလ်တွေဟာ တဖြည်းဖြည်း တဖြည်းဖြည်း နည်းပါးနည်းပါးလာတဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။ ဒီလိုအသိဉာဏ်ကလဲ ဦးနှောက်အသိဉာဏ်မျှသာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ကိုယ်တွေ့လက်တွေ့ ခံစားရပြီးသိရတဲ့ အသိမျိုးဖြစ်ပါတယ်။

နောက်တစ်ခုက ဦးနှောက်အသိဉာဏ်နဲ့ ယောဂီတို့သိကြပါတယ်။ သြော် အကုသိုလ်တွေ ပွားတာဟာ မကောင်းပါဘူး။ ငါတင်မက သူများကိုလဲ ဒီအကုသိုလ်တွေကြောင့် စိတ်မချမ်းသာတာတွေ ဖြစ်ရပါတယ်။ သို့သော်လဲ တကယ်အမူကိစ္စ တစ်ခုပေါ်လာပြီဆိုတဲ့အခါ ဒီအကုသိုလ်တွေ ဆက်လုပ်ကိုင်မိနေတာပါပဲ။ ဦးနှောက်အသိဉာဏ်နဲ့ သိရုံမျှသာကိုး။ အဲဒီတော့ ၀ိပဿနာတရားကို ဆက်လက်ကျင့်သုံးသွားတဲ့အခါ ယောဂီဟာ သိစပြုလာပါတယ်။ ဒီအကုသိုလ်အလုပ်တွေဟာ မကောင်းပါဘူးဆိုတာ သိရက်သားနဲ့ ဘယ့်နှယ့်ကြောင့် ဒီအကုသိုလ်အလုပ်တွေကို ဆက်လက်လုပ်မိနေသလဲ။ ဘာကြောင့် မထိန်းသိမ်းနိုင်သလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

ဘာအသိဉာဏ် ၀င်လာသလဲဆိုရင် သြော်ငါဟာ အင်မတန် တစ်ကိုယ်ကောင်းဆန်တဲ့ ဘ၀နဲ့ နေခဲ့တာပဲ။ ဘာမဆို ငါ့အတွက် ငါ့စိတ် ငါ့ကိုယ်ပဲ ဦးတည်နေတာပဲဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့ အနတ္တ အနတ္တ ငါမဟုတ်ဆိုတဲ့ တရားကိုသိပါတယ်။ ဒါပေမယ့် တကယ်တမ်းဘ၀ကိုနေတဲ့အခါကျတော့ ငါ ငါ ငါ့ဟာဆိုတဲ့ ငါစွဲတွေ ရှိနေတုန်း၊ ကျင့်သုံးနေတုန်း ဖြစ်ပါတယ်။

ဒီတော့ ၀ိပဿနာတရားကို ဆက်လက်ကျင့်သုံး ကျင့်သုံးလာတဲ့အခါ ယောဂီက ကိုယ့်ဟာကိုယ် သိစပြုလာပါတယ်။ သြော် ငါဟာ အင်မတန်ပဲ အတ္တစွဲကြီးပါတယ်။ ငါ့ဘ၀ ငါ့ကိုယ်ငါပဲ အရေးပေးပြီး နေပါလားဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။

ဝိပဿနာတရားကို ဆက်လက်ဆက်လက်ပြီး ကျင့်သုံးလာတဲ့အခါ တဖြည်းဖြည်းနဲ့ ယောဂီတို့ရဲ့ အတ္တစွဲတွေ ငါ ငါ့ဟာဆိုတဲ့ ငါစွဲတွေဟာ တဖြည်းဖြည်း နည်းပါးနည်းပါးလာပါတယ်။ လျော့လျော့လာပါတယ်။ နောက်ဆုံးပိတ်ကျတော့ ငါစွဲတွေဟာ အရေပျော်ဆင်းသွားသလို ကုန်ခမ်းလာပါလိမ့်မယ်။

အဲဒီလို အတ္တစွဲတွေ ငါစွဲတွေ တဖြည်းဖြည်းနဲ့ လျော့လျော့လာတဲ့အခါ ယောဂီဟာ မိမိရဲ့ ဘ၀တစ်ခုလုံးအပေါ် ရူပုံကြည့်ပုံ ယူဆပုံတွေလဲ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ အတ္တစွဲ ငါစွဲက သိပ်ကြီးမားနေတဲ့အခါ ကိုယ့်ကိုယ်ကို အရေးပေးမူက အင်မတန်များပါတယ်။

အတ္တစွဲနည်းလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုသာ အရေးပေးမနေတော့ဘဲ သူများတွေကိုပါ သတိပြုစပြုလာပါတယ်။ သူများတွေလဲ ဒုက္ခဆင်းရဲ ရောက်ကြပါလားဆိုပြီး သူများတွေ အရေးကို ပိုပြီးနားလည်လာကာ သူများတွေ အရေးပိုပြီး စဉ်းစားလာပါတယ်။

မရှိတဲ့သူတွေကတော့လဲ သူတို့မရှိကြတာကြောင့် သူတို့ရဲ့ ဆင်းရဲနွမ်းပါးကြတာကြောင့် ဒုက္ခဆင်းရဲ အမျိုးမျိုးခံစားကြရတယ်ဆိုတာ ထင်ရှားပါတယ်။ ရှိတဲ့သူတွေလဲ ရှိရဲ့သားနဲ့ပဲ သူတို့လဲ ဆင်းရဲဒုက္ခတွေ အများကြီးခံစားနေကြရတာပါပဲ။ သူတို့လဲ ခဏခဏ အကုသိုလ်စိတ်တွေပွားပြီး အကုသိုလ်အလုပ်တွေ လုပ်ပြီး စိတ်မချမ်းသာရတာတွေ သောကတွေ အမျိုးမျိုး ခံစားကြရပါတယ်။

ဒါကြောင့် လူတွေဟာ ငွေကြေးချမ်းသာသူဖြစ်စေ၊ ဆင်းရဲနွမ်းပါးသူဖြစ်စေ၊ ပညာရှိသူ ပညာမဲ့သူယောက်ျားဖြစ်စေ၊ မိန်မဖြစ်စေ လူသတ္တ၀ါအားလုံးတို့ဟာ ဆင်းရဲဒုက္ခခံစားနေကြရတာပါပဲ။ ကမ္ဘာတစ်ခုလုံးရှိ လူသားအားလုံးဟာလဲ ဆင်းရဲတွေ ပင်လယ်ဝေနေတာပါပဲ။ ဆင်းရဲဒုက္ခတွေချည်းပါပဲ။

ဒီတော့ စိတ်ထဲမှာ တစ်ခုပေါ်လာပါလိမ့်မယ်။ သြော် လောကလူသားတွေ ဒါလောက် ဒုက္ခတွေ ရောက်ကြပါလား။ ငါ့အနေနဲ့ ဒီလူသားတွေကို ဒုက္ခဆင်းရဲက လွတ်မြောက်အောင် ဘယ်လိုအကူအညီ ပေးရ မလဲလို့ စဉ်းစားမိပါတယ်။

အဲဒီလို ဆင်းရဲဒုက္ခရောက်နေရတဲ့သူတွေကို အင်မတန် အံ့သြဖွယ်ကောင်းတဲ့ ဆင်းရဲအပေါင်းက လွတ်ကင်းစေနိုင်တဲ့ တရားဓမ္မကို သူတို့သိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စဉ်းစားခန်းပေါ်လာပါတယ်။ လူအပေါင်းမြောက်မြားစွာကို ဆင်းရဲဒုက္ခတွေက လွတ်ကင်းစေနိုင်တဲ့ တရားဓမ္မရစေရန် တရားရိပ်သာတွေ တရားစခန်းတွေ မြောက်မြားစွာ ဖွင့်လှစ်ပြီး သတ္တ၀ါဝေနေယျ တရားရစေလိုသော စေတနာတွေ ဖြစ်လာပါတယ်။ တရားစခန်းရှိပြီးသား ရိပ်သာတွေမှာလဲ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးကအစ အားလုံးအဆင်ပြေဖို့ လိုပါတယ်။ ဒီတော့မှလဲ ယောဂီတွေဟာ အေးအေးချမ်းချမ်းနဲ့ တရားထိုင်နိုင်ကြပါမယ်။ ဒီတိုင်းပြည်မှာလဲ လူအများစုမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရပါတယ်။ တရားလမ်းစဉ် အစစ်အမှန်ကို မတွေ့ကြသေးလို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တဲ့ လမ်းစဉ်ကို မသိကြသေးပဲဖြစ်နေပါတယ်။

လူတွေကို ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ တရားလမ်းစဉ်နဲ့ ဘယ်နည်းဘယ်ပုံပြပေးရမလဲလို့ တွေးမိပါတယ်။ တရားမှာရင့်ကျက်လာကြတဲ့ ယောဂီတွေရဲ့ စိတ်ထဲမှာ ဧဟိ ပဿိကော ဂုဏ်တော်၏ စေ့ဆော်တိုက်တွန်းမူကြောင့် ကမ္ဘာသူ ကမ္ဘာသားများထံသို့ တရားတော်ကို စတင်ဖြန့်ဖြူးလာကြတာကို တွေ့ရပါတယ်။ ငွေကြေးတတ်နိုင်ကြသူများက ငွေကြေးဒါနပေးလှူခြင်းဖြင့် တရားတော်ဖြန့်ဖြူးရာတွင် ကူညီကြပါတယ်။ ငွေကြေးလှူဒါန်းမူအပြင် ဓမ္မလုပ်အားပေးခြင်းဖြင့်လဲ တရားတော်ကို အလုပ်အကျွေးပြုရာ ရောက်ပါတယ်ဆိုတဲ့ ခံစားမူပေါ်ထွက်လာပါတယ်။ ဓမ္မလုပ်သားတွေဟာ တရားတော်အတွက် ဓမ္မလုပ်အားပေးရခြင်းကို လွန်စွာ ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ကြရပါတယ်။

ဓမ္မလုပ်သားများအနေနဲ့ ယောဂီများ တရားမထိုင်မီ အကုသိုလ်သင်္ခါရများဖြင့် မသာမယာရှိနေပုံနှင့် တရားကို ကောင်းစွာကျင့်ပြီး တရားကထွက်လာတဲ့အခါ ထိုယောဂီများ ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပုံတို့ကို နိုင်းယှဉ်လေ့လာခွင့်ရကြလို့ မုဒိတာစိတ်တွေ ပွားများကြရပါတယ်။

ဝိပဿနာတရားမှာ တိုးတက်မူ ရှိမရှိဆိုတဲ့ အတိုင်းအထွာတစ်ခုက တရားရင့်ကျက်လာတဲ့ ယောဂီမှာ သူတစ်ပါးကို မစချင်စိတ်၊ တရားအရာမှာ အောင်မြင်စေလိုတဲ့စေတနာ၊ အကူအညီပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာရင် တရားလမ်းစဉ်မှာ တိုးတက်နေတယ်ဆိုတာ ပြသချက် ဖြစ်ပါတယ်။

တရားကိုကျင့်သုံးလာတဲ့ ယောဂီဟာ ဘာကိုသတိပြုမိလာသလဲဆိုတော့ အရင်ကဆိုရင် ငါဟာငါ့ကိုယ်ငါလဲ ဆင်းရဲစေခဲ့ရုံမျှမက ငါ့ဒုက္ခတွေကိုလဲ သူများကို ဝေငှမိခဲ့တယ်၊ အခုတော့ တရားရလာပြီဖြစ်လို့ ငါခံစားလာရတဲ့အေးချမ်းမူ၊ သမမျှတမူတို့ကို သူများတွေနဲ့ မျှဝေခံစားစေလိုပါတယ်။ အဲဒါကြောင့် သတ္တ၀ါအပေါင်းတို့ဟာ ကျွန်ုပ်၏ စိတ်ချမ်းသာမူ အေးချမ်းမူကို ရယူနိုင်ကြပါစေဆိုတဲ့ စိတ်ဖြစ်လာပါတယ်။ အဲဒီလို တကယ့်စိတ်ဖြစ်တော့မှ ဒီဟာမှ မေတ္တာဘာဝနာအစစ် ဖြစ်ပါတယ်။

သတ္တ၀ါတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဗြဟ္မာကြီးဟာ အမြဲပဲ အကန့်အသတ်မရှိတဲ့ အတိုင်းအတာမရှိတဲ့ အနန္တမေတ္တာ၊ အနန္တကရုဏာ၊ အနန္တမုဒိတာ၊ အနန္တဥပေက္ခာတို့နဲ့ နေပါတယ်၊ ဒီလေးမျိုးဟာ ဗြဟ္မာကြီးတို့ရဲ့ လက္ခဏာပါပဲ။ ကျွနိုပ်တို့လူသားတွေမှာလဲ ဒီအရည်အချင်းတွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေ ဒီမျိုးစေ့ကလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေ ဒီမျိုးစေ့ကလေးတွေက တိမ်မြုပ်နေတာကြောင့် မထင်ရှားသေးပါဘူး။

ဒီမျိုးစေ့ကလေးတွေ ဘာကြောင့် မကြီးထွားသေးသလဲဆိုရင် လူတွေမှာ စုဆောင်းသိုလှောင်ထားတဲ့ ကိလေသာအညစ်အကြေးတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိပဿနာဟာ ယောဂီတွေအတွက် အရေးကြီးဆုံး ပထမကမ္မဋ္ဌာန်းနည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိပဿနာကမ္မဋ္ဌာန်းကို အရေးကြီးဆုံး ကမ္မဋ္ဌာန်းနည်းအဖြစ် လုပ်ရခြင်းဖြစ်ပါတယ်။

ယောဂီတွေ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ သိုလှောင်ထားတဲ့ ကိလေသာအညစ်အကြေးတွေကို ၀ိပဿနာနဲ့သာ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။ ဒီအညစ်အကြေးတွေဟာ တရားကိုကျင့်တဲ့အခါမှာ အလွှာလိုက် ပပျောက်သွားပြီး အင်မတန်နက်နဲတဲ့ ကျောက်တောင် ကျောက်ခဲလို မာကျောတဲ့ အညစ်အကြေးများကို ဖြိုခွဲဖျက်ဆီးပစ်နိုင်တဲ့ အဆင့်ကိုရောက်လာပါတယ်။

အဲဒီအချိန်မှာ မေတ္တာရေစင်တွေ ပေါ်လာပါလိမ့်မယ်။ မေတ္တာ ကရုဏာစိတ်ကောင်းတွေ လွှမ်းမိုးနေပါလိမ့်မယ်။ ဒီအဆင့်ကို မရောက်မီ အချိန်အတွင်းမှာ ယောဂီတို့ဟာ ၀ိပဿနာကမ္မဋ္ဌာန်းကို ကျင့်ပွားနေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး မနက်ကို ၁-နာရီ၊ ညနေပိုင်းကို ၁-နာရီ၊ ဒီလိုမှန်မှန်ကျင့်ပွားပြီး တရားဖြုတ်ချိန်မှာ ၅-မိနစ်၊ ၁၀-မိနစ်လောက် မေတ္တာဘာဝနာကို ပွားဖို့လိုပါတယ်။

မေတ္တာဘာဝနာကို ဘယ်လိုပွားကြသလဲ။ ကမ္မဋ္ဌာန်းထိုင်ပြီးတဲ့အခါ မေတ္တာဘာဝနာ မပွားခင် စိတ်ရောကိုယ်ပါ မေတ္တာဘာဝနာပွားဖို့ ထိုက်မထိုက် စစ်ဆေးကြည့်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို စူးစမ်းတဲ့အခါမှာ ကိုယ်စိတ်နှလုံးကိုလဲ စူးစမ်းကြည့်ပါ။ ခန္ဓာကိုယ်မှာ ဘယ်လိုစုံစမ်းကြည့်မလဲ။ ဒီတရားစခန်းကိုလာပြီး တရားကျင့်တဲ့အခါမှာ စိတ်ကို အင်မတန်နက်ရိုင်းစွာ ခွဲစိတ်ကြရပါတယ်။ ဒီလိုစိတ်ကို နက်နက်ကြီး ခွဲစိတ်တဲ့အခါမှာ အမြစ်နက်တဲ့ ကိလေသာအညစ်အကြေးတွေ အစွဲတွေ စိတ်ရဲ့ အပေါ်ယံအပိုင်းကို တက်လာကြပါတယ်။

ဒီလိုအခါမှာ သာယာဖွယ်မဟုတ်တဲ့ အစိုင်အခဲတွေဟာ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာအဖြစ်နဲ့ ကိုယ်ခန္ဓာအပေါ်မှာာ လာပြီးဖော်ပြကြပါတယ်။ ပေါ်လာကြပါတယ်။

ဒီလိုအိမ်ပြန်သွားတဲ့အခါ မနက်မှာတစ်နာရီ ညနေမှာတစ်နာရီ တရားထိုင်ကြတဲ့အခါ အခုဒီတရားစခန်းမှာလို စိတ်ကိုနက်နက်နဲနဲကြီး ခွဲစိတ်လို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုကလဲ အိမ်ပြန်ပြီး တစ်နာရီစီထိုင်တဲ့အခါ အဓိဋ္ဌာန်နဲ့ထိုင်တာ မဟုတ်ပါဘူး။ တကယ်လို့ ယောဂီက တစ်နာရီကို အလွယ်တကူနဲ့ ထိုင်နိုင်တယ်ဆိုလို့ရှိရင် တစ်နာရီအဓိဋ္ဌာန်နဲ့ ထိုင်နိုင်ပါတယ်။ တကယ်လို့ အဓိဋ္ဌာန်နဲ့ တစ်နာရီတိတိ မထိုင်နိုင်သေးဘူးဆိုရင်လဲ ကိုယ်အနေထား အရိယာပုတ်ကို ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်။ ကိုယ်သက်သာသလိုထိုင်တဲ့အခါ တရားထိုင်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ပေါ်မှာ မသာယာတဲ့ ဝေဒနာတွေကို မတွေ့နိုင်ပါဘူး။ တကယ်လို့ တရားထိုင်ပြီးတဲ့အခါမှာ ယောဂီရဲ့ ကိုယ်ထဲမှာ ဒုက္ခဝေဒနာတစ်မျိုးမျိုး နာတယ် ကျင်တယ် အစရှိသဖြင့် တခုခုခံစားနေရလို့ရှိရင် ဒီအချိန်မှာ မေတ္တာ ဘာဝနာပွားဖို့ မသင့်သေးပါဘူး။ ဒီလိုအခါမှာ ကိုယ်ကိုလဲ လျောင်းချင်လဲ ခဏလဲချောင်းနေပါ။ ကိုယ်ကို သက်သာသလိုနေပြီးမှ မေတ္တာဘာဝနာကို ပွားပါ။

ယောဂီကိုယ်တိုင်ကမှ ဝေဒနာတွေကို ခံစားနေရတဲ့အချိန်မှာ ကိုယ့်မှာ သာယာအေးချမ်းမူ မရှိတဲ့အခါ သာယာအေးချမ်းမူကို သူများတွေကိုဘယ်လို ဝေငှပေးနိုင်ပါ့မလဲ။ ဒီအတွက်ကြောင့် ကိုယ်ကို နေသာထိုင်သာရှိအောင်နေပြီးမှ မေတ္တာဘာဝနာပွားကြပါ။ ဒီလိုပဲ ကိုယ်ခန္ဓာကို ကြည့်ပြီးတဲ့အခါ စိတ်ကိုလဲ စစ်ဆေးကြည့်ကြပါ။

ဝိပဿနာတစ်နာရီထိုင်ပြီးတိုင်းမှာ စိတ်ကိုစစ်ဆေးကြည့်တဲ့အခါမှာ ဒေါသတွေ မုန်းတီးမူတွေ မနာလိုမူတွေ၊ အကုသိုလ်စိတ်တွေ အရိပ်အရောင်လေးရှိရင် ဒီအချိန်မှာ ငါ မေတ္တာဘာဝနာကျင့်ဖို့ မသင့်တော်သေးဘူးလို့ သိလိုက်ပါ။ အကုသိုလ်စိတ်ကလေးဟာ နည်းနည်းလေးပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာရှိနေရင် အကုသိုလ်စိတ် ကလေးရှိနေသမျှ ယောဂီရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းမူ။ ချမ်းသာမူကို မခံစားနိုင်ပါဘူး။ အကုသိုလ်စိတ်နဲ့ စိတ်ချမ်းသာမူ စိတ်အေးငြိမ်းမူဟာ ဘယ်တော့မှ အတူတူ ဒွန်တွဲမနေနိုင်ပါဘူး။

ဒါကြောင့် အရေးကြီးတာက ပထမဦးဆုံး အကုသိုလ်စိတ်တွေ စိတ်ထဲမရှိအောင် ဖယ်ရှားပစ်လိုက်ပါ။ ဒီအကုသိုလ်စိတ်တွေ မရှိဘူးဆိုရင် မေတ္တာဘာဝနာကို ပွားနိုင်ပါတယ်။ မေတ္တာပွားပါ။

ကိုယ့်ကိုယ်ကို စူးစမ်းကြည့်လိုက်တဲ့အခါ ကိုယ်စိတ်နှစ်ပါစလုံး၌ အကုသိုလ်စိတ်များ ကင်းစင်းနေတဲ့အချိန် မေတ္တာဘာဝနာကို ပွားရပါလိမ့်မယ်။ ဒီတော့ ဘယ်လို မေတ္တာဘာဝနာပွားကြမလဲ။ များသောအားဖြင့် မေတ္တာဘာဝနာကို ပွားတယ်ဆိုတဲ့အခါ စိတ်ရဲ့ အပေါ်ယံအပိုင်းကလေးနဲ့သာ ပွားကြတာဖြစ်ပါတယ်။ ဘာမှမလုပ်တာထက်စာရင် အပေါ်ယံစိတ်နဲ့ မေတ္တာပို့တာက တော်ပါသေးတယ်လို့ ယူဆနိုင်ပါတယ်။

ဝိပဿနာယောဂီတို့အနေနဲ့ မေတ္တာပွားတဲ့အခါ စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံး အပိုင်းကနေ မေတ္တာပွားယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ ဘယ်လိုပွားနိုင်ပါ့မလဲ။ ယောဂီတွေ တရားစခန်းကို ၀င်ကြတဲ့အခါ တချို့လဲ ၇-ရက်နေ့မှာ တချို့ ၈-ရက်၊ ၉-ရက် တချို့က ၁၀-ရက်နေ့မှာ သိမ်မွေ့ဝေဒနာကို တစ်ကိုယ်လုံးမှာ တွေ့ထိခံစားရတတ်ပါတယ်။ တစ်ကိုယ်လုံး ရေစီးသလို ခံစားချင် ခံစားရပါတယ်။

တချို့ယောဂီတွေမှာ သိမ်မွေ့ဝေဒနာတွေကို တစ်ကိုယ်လုံမှာ မခံစားရပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ် တချို့အစိတ်အပိုင်းတွေမှာ သိမ်မွေ့ဝေဒနာတွေ သုခဝေဒနာတွေကို ခံစားကြရပါတယ်။

ယောဂီတွေအနေနဲ့ သိထားတဲ့အတိုင်းပဲ ဘယ်လောက်သိမ်မွေ့ဝေဒနာခံစားလို့ကောင်းတဲ့ ဝေဒနာပင်ဖြစ်သော်လည်း အဲဒီဝေဒနာရဲက လက္ခဏာက ဖြစ်ချုပ်ဖြစ်ချုပ်ပါပဲ။ ဖြစ်လာပြီးတော့ ပျက်သွားတာပဲ။ ဖြစ်လာပြီးတော့ ပျက်သွားတာပဲဆိုတဲ့ အနိစ္စလက္ခဏာကို သိရှိနားလည်ပြီး လက်ခံဖို့ရာ ဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာဘာဝနာကို ပွားမယ်ဆိုတဲ့ အခါ ၀ိပဿနာဘာဝနာနဲ့ လုံးဝကွာခြားပါတယ်။

မေတ္တာဘာဝနာကို ပွားတဲ့အခါမှာ ယောဂီတို့ ခံစားရတဲ့ သိမ်မွေ့တဲ့ ဝေဒနာလေးတွေကို ယောဂီတို့ စိတ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ မေတ္တာစိတ်တွေ ကရုဏာစိတ်တွေ သူများပေါ်မှာ စိတ်ကောင်းစေတနာတွေနဲ့ တစ်ခါတည်း သိမ်မွေ့လိုင်းကလေးတွေကို ဖြည့်ပစ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ခံစားရတဲ့ သိမ်မွေ့ဝေဒနာကလေးတွေကို မေတ္တာတွေ အပြည့်ဖြည့်ပြီးတဲ့အခါ ယောဂီတို့က စိတ်ထဲမှာ သြော် သတ္တ၀ါအပေါင်းတို့အေးချမ်းကြပါစေ၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေဆိုတဲ့ စိတ်ကောင်း စေတနာတွေ မေတ္တာတွေနဲ့ ဒီလိုင်းကလေးတွေ သိမ်မွေ့ဝေဒနာလေးတွေကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

ယောဂီတို့အနေနဲ့ ၀ိပဿနာလဲ ကျင့်သုံးပြီးပြီဖြစ်လို့ လူတစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ တကယ့်ချမ်းသာမူ အေးချမ်းမူကို ရနိုင်မလဲဆိုတာ သိကြပါပြီ။ လူတစ်ဦးတစ်ယောက်ဟာ တကယ့်ချမ်းသာမူ တကယ့်အေးငြိမ်းမူကို ခံစားးနိုင်ဖို့ဆိုတာ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်အတွင်းမှာ ကိလေသာအညစ်အကြးတွေ စင်ကြယ်မှ စိတ်၏ချမ်းသာမူ အေးငြိမ်းမူကို ခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီယောဂီတို့ခံစားနေရတဲ့ သိမ်မွေ့ဝေဒနာကလေးတွေကို မေတ္တာ ကရုဏာ မုဒိတာစတဲ့ စိတ်ကောင်း စေတနာကောင်းတွေနဲ့သာ ဖြည့်နေရုံ မဟုတ်ပါဘူး။ လူအပေါင်းတို့ဟာ ဒီစိတ်ချမ်းသာမူ ကိုယ်ချမ်းသာမူ ဘ၀ဆင်းရဲတွေက လွတ်ကင်းပြီး အညစ်အကြေးတွေကုန်မှ ကိလေသာတွေက ကင်းစင်မှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုင်းကလေးတွေထဲမှာ ဒီသိမ်မွေ့ဝေဒနာကလေးတွေထဲမှာ လူအပေါင်းတို့ဟာလဲ တရားဓမ္မရကြပါစေ။ ကိလေသာတွေ အညစ်အကြေးတွေက လွတ်ကင်းကြပါစေဆိုတဲ့ စေတနာလေးလဲ ထည့်ပေးဖို့လိုပါတယ်။ အခုလိုကျင့်မယ်ဆိုရင် ဒီလိုသိမ်မွေ့ဝေဒနာကလေးတွေထဲအထိ ရောက်အောင် စိတ်က စိုက်နေတဲ့အခါ စိတ်ရဲ့ အပေါ်ပိုင်းကလေးနဲ့သာ အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ အင်မတန် နက်ရိုင်းတဲ့အပိုင်းနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်မို့ စိတ်ရဲ့ အင်မတန် နက်ရိုင်းတဲ့အပိုင်းနဲ့ အလုပ်လုပ်နေတာဖြစ်လို့ ပို့တဲ့မေတ္တာဟာ ပိုမိုပြီး ထိုရောက်ပါတယ်။ အင်မတန်လဲ စူးရှပါတယ်။ အင်မတန်လဲ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။ အဲဒီလို ယောဂီကိုယ်တိုင်က တရားကိုကျင့်ပြီး စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ပို့တဲ့မေတ္တာဖြစ်တဲ့အတွက် အင်မတန်ထက်မြက်တဲ့ မေတ္တာဖြစ်ပြီး အင်မတန်ပဲ ထိရောက်ပါတယ်။ စူးရှပါတယ်။

ဝိပဿနာကျင့်စဉ်အခါတုန်းက ယောဂီတို့ကို မှာကြားခဲ့တယ်။ ယောဂီတို့ ၀ိပဿနာကျင့်စဉ်အခါမှာ စိတ်ကိုသာ အသုံးပြုပါ။ မျက်စိနဲ့ စိတ်ကူးနဲ့ မကြည့်ရပါဘူး။ ပါးစပ်နဲ့လဲ ဘယ်လိုမှ မရွတ်ဆိုရပါဘူး။ စိတ်ကူးထဲက ထင်မြင်ချက်နဲ့လဲ အသုံးမချရပါဘူးလို့ ဒါတွေမလုပ်ဖို့ တားခဲ့ပါတယ်။ ဒါပေမယ့် မေတ္တာဘာဝနာကို ကျင့်တဲ့အခါကြတော့ ဒီလိုမဟုတ်တော့ပါဘူး။ ယောဂီတို့ မေတ္တာဘာဝနာကျင့်နေစဉ်အချိန်မှာ စိတ်က စိတ်ကူးနဲ့လဲ မေတ္တာပို့သူကို ကြည့်လို့ရပါတယ်။ အဲဒီကနေပြီး မြင်လို့ရပါတယ်။ ပါးစပ်နဲ့လဲ နူတ်က ရွတ်လို့ရှိရင်လဲ ရွတ်လို့ရပါတယ်။ အဲဒီတော့ မေတ္တာဘာဝနာကို ပွားတဲ့အချိန်မှာ မျက်စေ့နဲ့စိတ်နဲ့ ပါးစပ်နဲ့အကုန်လုံး မေတ္တာပွားလို့ရပါတယ်။

အဲဒီတော့ ယောဂီတို့ကျင့်ရမှာက ယောဂီတို့ရဲ့ အတွင်းအနက်ရိုင်းဆုံးအပိုင်းက ဖြစ်ပေါ်လာတဲ့ မေတ္တာနဲ့ သတ္တ၀ါအပေါင်းတို့ အေးချမ်းကြပါစေ၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေ၊ သတ္တ၀ါအပေါင်းတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းကြပါစေဆိုတဲ့ မေတ္တာကိုပွားရမှာ ဖြစ်ပါတယ်။
* ကြည့်မြင်လို့ရသော သတ္တ၀ါ မမြင်နိုင်သော သတ္တ၀ါ၊
* အနီးအနားတွင်ရှိသော သတ္တ၀ါ၊ အဝေးအရပ်တွင်ရှိသော သတ္တ၀ါ၊
* ကြီးသောသတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊
* လူသတ္တ၀ါ၊ လူမဟုတ်သော သတ္တ၀ါ၊
* အလုံးစုံသော သတ္တ၀ါတွေ ချမ်းသာခြင်းအစစ်အမှန်၊ အေးချမ်းခြင်းအစစ်အမှန် ရကြပါစေ၊ အားလုံးသော သတ္တ၀ါတွေ ကိလေသာအညစ်အကြေးက လွတ်ကင်းကြပါစေ။

ဒီလို နေ့စဉ်မှန်မှန် တစ်နေ့တစ်နာရီစီ ၀ိပဿနာကို ကျင့်ပြီး မိနစ်အနည်းငယ် မေတ္တာဘာဝနာကို ပွားတယ်ဆိုရင် ယောဂီတို့ရဲ့ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာနှစ်ခုလုံးမှာ မေတ္တာလိုင်းတွေ အပြည့်လွှမ်းမိုးလာတာကို တွေ့ရပါလိမ့်မယ်။

နောက်ဒီလို ဆက်လက်ပြီး ကျင့်သွားတဲ့အခါ ဘယ်အဆင့်ကို ရောက်မလဲဆိုရင် ယောဂီတို့ မေတ္တာတွေဟာ ခန္ဓာကိုယ်ဘောင်အတွင်းမှာသာ မဟုတ်တော့ဘဲ လျှံထွက်လာတာကို ယောဂီတို့ ခံစားသိရှိလာပါလိမ့်မယ်။ ယောဂီတို့ရဲ့ မေတ္တာဓာတ်တွေ လိုင်းတွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုကြီးလာပြီး ကိုယ်တွင်းကလျှံပြီး ယောဂီရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို မေတ္တာလိုင်းတွေနဲ့ လွှမ်းမိုးသွားတာကို တွေ့ရပါလိမ့်မယ်။

တကယ်လို့ ယောဂီဟာ အမြဲတမ်း တရားကျင့်တဲ့ နေရာဟာ တစ်ခန်းတည်းမှာပဲ မှန်မှန်တရားကျင့်တယ်၊ မေတ္တာဘာဝနာပွားမယ်ဆိုရင် ဒီတစ်ခန်းလုံးဟာ မေတ္တာစိတ်တွေ၊ တရားဘာဝနာတွေကြောင့် တစ်ခန်းလုံးဟာ အေးချမ်းမူတွေ သမမျှတတဲ့စိတ်တွေ စိတ်ကောင်း စေတနာကောင်းတွေ လွှမ်းမိုးပြီး ဒီနေရာကြီးတစ်ခုလုံးဟာ ဓမ္မနေရာကြီး ဖြစ်နေတာကို ယောဂီတို့ တွေ့ရပါလိမ့်မယ်။ တော်တော်စိတ်သောကရောက်နေသူ အပြင်လူတစ်ဦးတစ်ယောက်ဟာ ယောဂီတို့ တရားကျင့်တဲ့အခန်းကို ရောက်လာတဲ့အခါ အဲဒီလူဟာ အေးမြမူကို ခံစားရသွားတတ်ပါတယ်။ စိတ်အေးချမ်းမူကို ရယူသွားတတ်ပါတယ်။ ဒါဟာ ၀ိပဿနာတရားနဲ့ မေတ္တာဘာဝနာကို ကျင့်သုံးရတဲ့ ယခုလောလောလတ်လတ် လက်တွေ့ခံစားရတဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။

ယောဂီတို့အိမ်မှာ အခြားဝိပဿနာယောဂီ ရှိသေးတယ်ဆိုရင် အထူးသဖြင့် အင်မတန် ကံထူးသူတို့မှာ တစ်အိမ်သားလုံး နံနက်နှင့် ညနေတစ်နာရီစီ တစ်ချိန်တည်းမှာပဲ တရားထိုင်ကြမယ် ထိုင်ပြီးရင်လဲ မေတ္တာဘာဝနာပွားကြမယ်ဆိုရင် အဲဒီအိမ်သားတွေဟာ အင်မတန်ထူးကဲတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရကြပါလိမ့်မယ်။

ဒီလိုပဲ အင်မတန်ထူးကဲတဲံ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ကျေးဇူးတွေ ခံစားရတယ်ဆိုတာ အမှန်ပါပဲ။ ၀ိပဿနာကျင့်ပြီးကြတဲ့ ယောဂီတွေထံက သူတို့ဒီလိုခံစားရတဲ့ အကြောင်းတွေ ကြားရပါတယ်။

လူတွေဟာ အတူတူနေကြတယ်ဆိုရင် မိသားစုပဲဖြစ်ဖြစ် တခြားလူပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံမူ အလိုမကျမူတွေဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒီလိုဖြစ်ပေမယ့် မိသားစုအချင်းချင်း တစ်ယောက်နှင့် တစ်ယောက်သဘော ကွဲလွဲနေတာတွေ တစ်ယောက်နှင့် တစ်ယောက်နားမလည်မူ ဖြစ်နေရင် အဲဒီမိသားစုတွေဟာ အကုန်လုံးစုပြီး တရားထိုင်ကြမယ်၊ မေတ္တာဘာဝနာပွားကြမယ်ဆိုရင် ဒီမိသားစုတွေဟာ တစ်ယောက်အပေါ်တစ်ယောက် စိတ်ခုနေတာတွေ မကောင်းတဲ့ စိတ်ပွားနေတာတွေပျောက်ပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်တွေပွားပြီး တစ်ဦးအပေါ်တစ်ဦး ကူညီစေချင်တဲ့စိတ်တွေ စိတ်ကောင်း စေတနာတွေပေါ်လာပြီး နေရေးထိုင်ရေးဟာ အင်မတန်ကောင်းမွန်လာပါလိမ့်မယ်။

ဝိပဿနာဆိုတာ အခုဒီဘ၀မှာပဲ ဘယ်လိုနေရထိုင်ရမယ် ကိုယ့်ဘ၀ကို ဘယ်လို သာယာအေးချမ်းအောင် နေရမယ်၊ ကိုယ်နှင့် သက်ဆိုင်ရာ ဆက်သွယ်ရာ လူတွေအားလုံးကိုလဲ ကိုယ့်ဘ၀အဆင်ပြေသလို သူတို့ဘ၀တွေ အေးချမ်းပါစေ အဆင်ပြေပါစေ ဘ၀ရဲ့ နေရေး သာယာရေးအတွက်လဲ ဖြစ်ပါတယ်။

ဒီအတွက် ၀ိပဿနာကျင့်စဉ်ဟာ အရေးကြီးဆုံး ကျင့်စဉ်ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း နံနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နာရီစီ ၀ိပဿနာစထိုင်ရပါတယ်။ ၀ိပဿနာကို အရေးပေးထိုင်ပြီး မိနစ်အနည်းငယ်စီ မေတ္တာဘာဝနာကို ပွားကြရမှာ ဖြစ်ပါတယ်။ အခု မိနစ်အနည်းငယ်လောက် မေတ္တာဘာဝနာ ကျင့်ကြရအောင်။

ကျွန်ုပ်သည် အမျက်ဒေါသထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ သဘောဆိုးယုတ်ခြင်း၊ ရန်ညှိုးဖွဲ့ခြင်းတို့မှ လွတ်မြောက်ရပါစေသတည်း၊ လွတ်မြောက်ရပါစေသတည်း

ကျွန်ုပ်သည် ခင်မင်မေတ္တာထားခြင်း၊ စိတ်ကောင်းစေတနာထားခြင်း စိတ်အေးချမ်းမြခြင်း၊ သမစိတ္တရှိခြင်းများ ပွားများနိုင်ပါစေသတည်း၊ ပွားများနိုင်ပါစေသတည်း။

သတ္တ၀ါအပေါင်းတို့သည် ကျွန်ုပ်၏အေးချမ်းမူ ကျွန်ုပ်၏သမစိတ္တတို့ကို ရယူနိုင်ကြပါစေသတည်း၊ ရယူနိုင်ကြပါစေသတည်း။

သတ္တ၀ါအပေါင်းတို့သည် ကျွန်ုပ်၏ကုသိုလ်ကောင်းမူ အစုစုတို့ကို ကျွန်ုပ်၏ တရားဓမ္မတို့ကို ရယူနိုင်ကြပါစေသတည်း၊ ရယူနိုင်ကြပါစေသတည်း။

သတ္တ၀ါအပေါင်းတို့ အမျက်ဒေါသထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ ရန်ညှိုးဖွဲ့ခြင်း၊ သဘောဆိုးယုတ်ခြင်းတို့မှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

သတ္တ၀ါ အပေါင်းတို့ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

သတ္တ၀ါအပေါင်းတို့ အေးငြိမ်ကြပါစေ၊ အေးငြိမ်းကြပါစေ။

သတ္တ၀ါအပေါင်းတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

ကျွန်ုပ်သည် သတ္တ၀ါအားလုံးတို့အပေါ်၌ ဖြူစင်သည့် မေတ္တာအတိုင်းမသိသည့် မေတ္တာကရုဏာများ ပွားများနိုင်ပါစေသတည်း၊ ပွားများနိုင်ပါစေသတည်း။

လူအပေါင်းတို့ ခံစား၍နေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့မှ လွတ်မြောက်နိုင်ကြပါစေရန် တရားစစ် တရားမှန်များသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့ပွားများနိုင်ပါစေသတည်း၊ ပျံ့နှံ့ပွားများနိုင်ပါစေသတည်း။

သုံးဆယ့်တစ်ဘုံအလုံးစုံ၌ ကျင်လည်ကုန်သော သတ္တ၀ါအပေါင်းတို့ တရားဓမ္မကိုသိတွေ့ကြပြီး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေသတည်း၊ လွတ်မြောက်ကြပါစေသတည်း။

လူအများတို့၏ ကောင်းစားရေးအကျိုးကျေးဇူး ခံစားနိုင်ရေးအတွက် တရားစစ်၊ တရားမှန်များသည် ကျွန်ုပ်တို့၏ ဤဓမ္မတိုင်းနိုင်ငံ ဓမ္မနယ်မြေမှာ ပေါ်ထွက်ထွန်းကား၍ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်ပွားနိုင်ပါစေသတည်း၊ ပြန့်ပွားစေနိုင်ပါစေသတည်း။

မြန်မာပြည်သူပြည်သားအားလုံးတို့အား ကျွန်ုပ်၏ ကောင်းမူကုသိုလ်အစုစုတို့ကို အမျှပေးဝေပါ၏။ ရယူနိုင်ကြပါစေ၊ ရယူနိုင်ကြပါစေ။

ကျွန်ုပ်၏အေးငြိမ်းမူ၊ ကျွန်ုပ်၏သမစိတ္တတို့ကိုလည်း ခံစားနိုင်ကြပါစေသတည်း၊ ခံစားနိုင်ကြပါစေသတည်း။

ဤတိုင်းပြည်၏ အကြီးအကဲပုဂ္ဂိုလ်များအားလည်း ကျွန်ုပ်၏ ကောင်းမူကုသိုလ် အစုစုတို့ကို အမျှပေးဝေပါ၏။ ရယူနိုင်ကြပါစေ၊ ရယူနိုင်ကြပါစေ၊ ၎င်းတို့လည်း ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သမစိတ္တရှိကြပါစေ၊ သမစိတ္တရှိကြပါစေ။

တရားဓမ္မ၏ ရောင်ခြည်များသည် ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့လွှမ်းမိုးသွားပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ မသိမူ အ၀ိဇ္ဇာ အမိုက်မှောင်ကြီးကို ဖျက်ဆီးဖယ်ရှားပြီး ဓမ္မရောင်ခြည်များသည် ထွန်းလင်းတောက်ပနိုင် ပါစေသတည်း၊ ထွန်းလင်းတောက်ပ နိုင်ပါစေသတည်း။

သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

အတိဒုက္ခတွေ အပြည့်ရှိနေတဲ့ ကမ္ဘာလောကကြီးမှာ တကယ်ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသောသူ မတွေ့ရသေးပါဘူး။ တရားစစ် တရားမှန်တွေ ပေါ်ပေါက်ထွန်းကားလာပြီး အတိဒုက္ခရောက်နေတဲ့လူတွေ ကင်းလွတ်ကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ ပြည့်စုံကြပါစေ။ တရားစစ် တရားမှန်များ ထွန်းကားပါစေ။ ထွန်းကားပါစေ။ ထွန်းကားပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

(ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။)